Saturday, December 26, 2009


စည်းလုံးညီညွတ်ကြတဲ့ မြန်မာနိုင်ငံကာတွန်းဆရာများရဲ့ နှစ် စဉ်ကျင်းပနေကြ အစဉ်အလာအတိုင်း ကန်တော့ခံဆရာကြီး များဖြစ်ကြတဲ့ ကာတွန်းဆရာကြီး ဦးအောင်ရှိန်နှင့် ကာတွန်း ဆရာကြီးဦးရွှေမင်းသားတို့အား ဂါဝရပြု ကန်တော့ကြမှာ ဖြစ်လို့ . . .
အမှတ်(၅၆၈)၊ ဓမ္မာရုံလမ်း(၆)မိုင်ခွဲ၊ လှိုင်မြို့နယ်၊ရန်ကုန်မြို့ ကာတွန်းဆရာကြီးဦးဖေသိန်းနေအိမ်သို့ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ(၂၇)ရက်နေ့၊ နံနက် ၁၀း၀၀ နာရီ မှ ၁၂း၀၀ နာရီထိကြွရောက်ကြပါရန် ရင်းနှီးခင်မင်စွာ ဖိတ်ကြား အပ်ပါသည်။
ဆရာကြီးဦးဖေသိန်းမရှိတော့ပေမဲ့ နွေးထွေးဖော်ရွေတဲ့ ဆရာ့မိသားစုနဲ့
အေးမြတဲ့ ဆရာ့အိမ်ဝင်းမှာပဲ ကျင်းပမှာမို့ အရင်နှစ်တွေလိုပဲ ပျော်ပျော်ပါးပါး
ရင်းရင်းနှီးနှီး ပြောကြဆိုကြ စားကြသောက်ကြ ရယ်မောကြရင်း ဂါရ၀ပွဲဆင်နွှဲကြဖို့ ဆက်ဆက်လာခဲ့ကြပါ။

မြန်မာနိုင်ငံကာတွန်းဆရာများ

Wednesday, October 28, 2009

နီကိုရဲ (ခ) ကိုရဲဝင်း

နီကိုရဲအတွက် လွမ်းသူ့မှတ်တမ်းလေးများ

သူ့ကြောင့် စာဖတ်ပရိသတ်တွေပျော်ခဲ့ဖူးတယ်။ သူ့ကြောင့် ရုပ်ရှင်ဗီဒီယို ပရိသတ်တွေပျော်ခဲ့ဖူးတယ်။ သူကိုယ်တိုင်လည်း ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းသွားခဲ့တယ်။
လွမ်းဝေနိုင်

ခုမှတော့ ဘာမှ မပြောချင်တော့ဘူး ကိုရဲဝင်း .... နောက်ထပ် ... ထပ်မလွဲနဲ့တော့ဗျာ
သျှီသူအောင်

ကိုနီကိုရဲဟာ မွေးကတည်းက နာကျင်မှုနဲ့အတူ လောကကြီးထဲကို ရောက်လာခဲ့ရသူဖြစ်ပါတယ်။ (သူက မွေးရာပါနှလုံးရောဂါသည်လေ) ခုတော့လည်း နာကျင်မှုတွေနဲ့ပဲ လောကကြီးထဲက ပြန်ထွက်သွားခဲ့ရပြီ။ ဒါပေမဲ့ သူဟာ ကမ္ဘာမြေအတွက် ရယ်မောတတ်တဲ့အမြင်တွေကို၊ လောကကြီးကို သရော်တတ်တဲ့ အမြင်တွေကို အားလုံးရဲ့ ရင်ထဲမှာ ပေါ်လာအောင် စိုက်ပျိုးပေးနိုင်ခဲ့ပါပြီ။ သူ့ကို ကျွန်တော်လေးစားလို့ မဆုံးပါဘူး
မင်းခိုက်စိုးစန်

နီကိုရဲ ဘ၀တစ်လျှောက်လုံး လွဲနိုင်ပါစေ။
မိုးကျော်သူ

နီကိုရဲ (ခ) ကိုရဲဝင်း

စာရေးဆရာနီကိုရဲ (ခ) ကိုရဲဝင်းဟာ ၂၀၀၉ ခုနှစ် အောက်တိုဘာ(၂၄)ရက် နံနက် (၀၀း၃၀)နာရီတွင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ လုဗ္ဗနီအထူးကုဆေးခန်း၌ နှလုံးရောဂါဖြင့်ကွယ် အနိစ္စရောက်ခဲ့ပါသည်။ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၂၀၀၉ ခုနှစ် အောက်တိုဘာ(၂၈)ရက် မွန်းလွဲ(၂)နာရီအချိန်တွင် ရေဝေးသုဿန်၌ မီးသဂြိုလ်ခဲ့ပါ သည်။ သူနှင့်ပတ်သက်၍ လွမ်းသူ့မှတ်တမ်းလေးများဖော်ပြလိုက်ပါသည်။

၁၉၉၁- ဆေးပေါ့လိပ်တိုလက်ကြားညှပ်ပြီး အနုပညာ လောကထဲ ရုန်းကန်နေတဲ့ “ကိုရဲဝင်း”ကို စတွေ့တယ်။ အနုပညာလောကထဲမှာ တစိုက်မတ်မတ်ရပ်တည်လို့ ၂၀၀၉ခုနှစ် “နီကိုရဲ”ဟာအားလုံးကို နှုတ်ဆက်နိုင်ခဲ့ပါပြီ
မောင်ကြည်သစ်

ကိုအောင်မင်းသိမ်းဆုံးတော့ သူ့အမေက သူ့သားရုပ်ကလာပ်ကိုကြည့်ပြီး ပြောတယ်။ “သားတဲ့၊ အမေတို့ဆီ ခဏလာလည်တာ မဟုတ်လား”တဲ့။ “ဧည့်သည်လိုပဲ အမေသဘောထားတယ်နော်။ သားက အားလုံးအတွက် အမှတ်တရတွေ အများကြီးထားခဲ့တယ်”တဲ့။ အခု..နီကိုရဲလည်း ဒိုးပြန်ပြီ။ သူလည်း ဧည့်သည်ပါပဲ။ သူလည်း အမှတ်တရတွေထားခဲ့တယ်။ သူ့အနုပညာတွေပေါ့။ ငါ့အလှည့်ကျရင်ရော .....
ကျော်ရဲအောင်

ညီလေး... မင်းလွဲရင်.. လူတွေရယ်ခဲ့ရတယ်။ အခု.. မင်းမလွဲတော့.. ငါတို့ ..။
မောင်မျိုး(ကြောင်နှစ်ကောင်)

စာပေအစ်ကိုတစ်ယောက်ဆုံးရှုံးခဲ့ရတဲ့အတွက် ၀မ်းနည်းပါတယ်။
အကြည်တော်

လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်က မင်းငါ့ရဲ့ပညာရေးသုတေသနအဖွဲ့ စာကြည့်တိုက်ကိုလာခဲ့တယ်။ စာရေးဆရာ ထက်မြက်က မင်းနဲ့ငါ့ကို မိတ်ဆက်ပေးခဲ့တာပေါ့။ အဲဒီတုန်းက မင်း နီကိုရဲ မဖြစ်သေးဘူး။ ရဲဝင်းဘ၀၊ သင်္ကန်းကျွန်းက စာပေ၀ါသနာရှင်လေး။ နောက်တော့ ငါတို့မျက်စိအောက်မှာပဲ နီကိုရဲဖြစ်လာခဲ့။ အောင်မြင်ခဲ့။ ခုတော့ စွန့်ခွာခဲ့။ အချိန်တိုတိုလေးအတွင်းမှာ “နီကိုရဲ”နာမည်တည်ဆောက်နိုင်ခဲ့တဲ့မင်းဟာ ငါတို့နဲ့ အချိန်တိုတိုလေး အတွင်းမှာပဲ ခွဲခွာသွားခဲ့ပေါ့။
ဟိန်းလတ်

အရွှင်ရေးတဲ့ စာရေးဆရာရှားတယ်။ လူတော်တစ်ယောက် ဆုံးရှုံးသွားတယ်လို့ ခံစားရတယ်။
နေ၀င်းမြင့်

နောက်ဆုံးအချိန်အထိ“လွဲ”လိုက်သေးတယ်ပေါ့ ကိုရဲရာ . . . လက်ချောင်းထိပ်က ဖုကြီးတွေနဲ့ တီးတဲ့ ဂစ်တာ လက်သံကို ကြားနေဆဲ . . .
ဟက်ကာ

ကိုရဲဝင်းရေ မကြည်ပြာကို နောက်ဆံတင်းမနေနဲ့နော်၊ စိတ်ချလက်ချသွားပါ။
အရိုင်း

အဲဒီသတ္တ၀ါကြီးက အကောင်းကြိုက်တယ်။ မင်းက သေမင်းမျက်စိကျအောင် နေသွားတာကိုး။
နေနော်

ကျွန်တော့်ညီလေးလိုချစ်ခဲ့ရတဲ့ နီကိုရဲ သူလွဲသမျှထဲမှာ သည်တစ်ခါ အလွဲဆုံးပါပဲ။
မောင်သာချို

သူအောင်မြင်ခဲ့တဲ့ အနုပညာသမားဘ၀နဲ့ သူပေးဆပ်လိုက်ရတဲ့အချိန်တွေကတော့ နှမြောစရာကောင်းပါတယ်။
လွင်မိုး

ရန်ကုန်တက္ကသိုလ်ပရ၀ဏ်ထဲကိုရောက်တိုင်း ရဲဝင်းကို အမြဲတမ်းသတိရနေမှာပါ။
ငှက်ပျောကြော်

ကိုရဲ ... မင်းဟာ ထိပ်တန်းကျတဲ့ PRO ပဲ။
ပေါ်ဦးသစ်